2012-04-19

အမိန့်  စည်းကမ်း နဲ့  ကျင့်ဝတ် ဆိုတာ


“အမိန့်ဆိုတာ စဉ်းစား ဝေဖန် အကြံပြုရန်မဟုတ်၊ လိုက်နာရန်သာဖြစ်သည်”
“အမိန့်”ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ရှေ့ရှေ့က ဆောင်းပါးအချို့မှာ ကျနော် တင်ပြပေးခဲ့တာမို့ စာဖတ် ပရိသတ် များအဖို့ အနည်းငယ် ရင်းနှီးမှုရှိနေပြီလို့ ထင်မိပါတယ်။ ကျနော်တို့ စစ်ပညာအခြေခံသင်တန်း တက်စဉ်ကတည်းက ညစဉ် night study သင်ခန်းစာမှာ သင်တန်းဆရာက ခေါင်းထဲမှာ သံမှိုစွဲသလို ခိုင်မြဲနေအောင် အထပ်ထပ်အခါခါ ရွတ်ဆိုပြခဲ့တာပါ။ အဲဒီတုန်းကတော့ ကျနော်တို့ သိပ်အလေးအနက် သတိမထားခဲ့မိပါဘူး။ သင်ခန်းစာချိန်ပြီးရင် အိပ် ယာဝင်ဖို့လောက်ပဲ စိတ်စောနေခဲ့တာ။
နောက်ပိုင်း တပ်တွေမှာတာဝန်ထမ်းဆောင်ရတဲ့ အခါကျမှ ပြောပါများ အထုံစွဲ၊ လုပ်ပါများ ကျင့်သားရ ဆိုတဲ့ သဘော ကို သတိပြုမိလာတယ်။ စစ်သည်အတော်များများဟာ အလုပ်တခုလုပ်တိုင်း အမိန့်အရလုပ်ရတာလို့ နားလည်ထား ကြတယ်။ အမိန့်ပေးမှလှုပ်ရှားတတ်တဲ့ အဖြစ်ကိုရောက်လာတယ်။ ကင်းစောင့်လည်း အမိန့်၊ တပ်သန့်ရှင်းရေးလုပ် လည်း အမိန့်၊ ထင်းခွေရေခပ်လည်း အမိန့် ဆိုသလိုဖြစ်လာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက၊် ကိုယ်ပိုင်အသိစိတ်နဲ့ လုပ် တာဘာမှ မရှိတော့ဘူး။ လုပ်ဖို့လည်း မစဉ်းစားကြတော့ဘူး။ ဒီတော့ သံပတ်တင်း မထားရင် မလှုပ်ရှားတော့တဲ့ ကော် ပတ်ရုပ်တွေလိုပဲ ဖြစ်ကြရတော့တယ်။
အမိန့်မရဘဲလုပ်ရင် မျက်နှာရဖို့ထက် ခြေထောက်ရဖို့က များနေတယ်လေ။ အလုပ်တခုကို လုပ်ရတဲ့အခါ ဒီနေ့နဲ့မပြီး ပြတ်ဘူး။ နောက်နေ့လည်း ဆက်လုပ်ရမယ်။ ဒါပေမယ့် ဒီနေ့အတွက် ဒီလောက် အတိုင်းအတာလုပ်လို့ အမိန့်ပေး ထားတယ် ဆိုပါစို့။ ဒီနေ့အတွက် အချိန်နည်းနည်းပိုနေတယ်။ နောက်နေ့မှာ စောစောပြီးရင် ကိုယ့်အတွက်နားချိန် ပို ရမယ်။ ကိုယ်ရေးကိုယ်တာလေး လုပ်ချိန်ရအောင်ဆိုပြီး ဒီနေ့ပိုနေတဲ့ အချိန်လေးမှာ နောက်နေ့လုပ်ကွက်ကို ကြိုပြီး လုပ်ထားလိုက်တယ်။ အဲဒါကို အမိန့်မရဘဲ လုပ်ရမလားဆိုပြီးတော့ အဆူခံ ထိတယ်ဗျာ…။
ဘယ်လိုလုပ်မလဲ…?   အဲဒါ…. တင်းကျပ်တဲ့ အမိန့်ပေးအမိန့်နာခံမှု စနစ်အောက်မှာ ဖြစ်ပေါ်လာတဲ့ အစွန်းထွက်ဆိုး ကျိုးပါပဲ။
နောက်တခါ….
“စည်းကမ်းဟူသည် တပ်မတော်ရဲ့အသက်ခန္ဓာ” တဲ့ လုပ်ပြန်ရော။
“စည်း” ဆိုတာက အဆီးအတား၊ အကာအကွယ် သဘောပေါ့။ စည်းမကျော်နဲ့ စည်းဝိုင်းအတွင်းမှာနေ သတ်မှတ် စည်းအတွင်း မ၀င်ရ စသဖြင့်။ “ကမ်း” ကတော့ ကုန်းနဲ့ ရေ နယ်နိမိတ် အပိုင်းအခြားသတ်မှတ်ချက်။ ဒါက ကျနော်တို့ တတွေ လူ့အသိုင်းအ၀ိုင်းတွင်းမှာ ယေဘုယျ နားလည်ထားချက်ပါ။ တပ်ထဲမှာကျ “စည်းကမ်း” ဆိုတာ “လုပ်ဆောင် ရမယ့်အလုပ်ကို လုပ်ဖြစ်အောင်တိုက်တွန်းတာ၊ မလုပ်ရမယ့်အလုပ်ကို မလုပ်ဖြစ် အောင်တားမြစ်တာ” တဲ့။ အဲဒီအ တိုင်း တသွေမတိမ်းလိုက်နာမှ စည်းကမ်းကောင်းတဲ့သူလို့ ဆိုလိုတယ်။ ဆက်စပ်တွေးကြည့်ရင်တော့ အမိန့်သံလေး နည်းနည်းနှောနေသလိုပဲ။ ဒါကြောင့်မို့လည်း “စည်းကမ်းဟူသည် လူ့တန်ဖိုး” ဆိုတဲ့ဆောင်ပုဒ်က စစ်သည်တွေအ တွက်တော့ “စည်းကမ်းဟူသည် အမိန့်နာခံခြင်း” လို့ ပြောရမလို ဖြစ်လာတယ်။ တပ်မှာပြစ်မှုတခု ကျူးလွန်တိုင်း စွဲ ချက်တင်ခံရတဲ့ ပုဒ်မထဲမှာ “တပ်မတော်အက်ဥပဒေပုဒ်မ (တမအ)-၆၅” ( စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိ ခိုက်စေသော ပြုလုပ်မှု တခုခုကို ကျူးလွန်ခြင်း)ဆိုတဲ့ ပါလေရာပုဒ်မနဲ့ အမြဲတမ်းငြိစွန်း နေတော့တယ်။
“ဒီအတိုင်းကျင့်၊ ကျင့်ဝတ် (၆၀)”
ကျနော်တို့ တပ်ထဲရောက်ခါစမှာ အစိမ်းရင့်ရောင်အဖုံးနဲ့ အိတ်ဆောင်အရွယ် စစ်သည်တော် ကျင့်ဝတ်စာအုပ် ထုတ် ပေးထားတယ်။ နောက်တော့ “ဖန်းဖလက်” ပုံစံ စာရွက်ခေါက်ကလေးနဲ့ ထပ်ပြီးထုတ်တယ်။ သွားလေရာမှာ ကိုယ်နဲ့ မကွာ အိတ်ထဲကို ထည့်သွားစေတယ်။ စစ်ရုံးကိုသွားရင် ဂိတ်ပေါက်မှာ စစ်ဆေးခံရတယ်။ ပါမလာရင် စစ်စည်းကမ်း အရ အရေးယူတာခံရတယ်။ လမ်းခရီးမှာ တပ်ထိန်းကစစ်လို့ မပြနိုင်ရင်လည်း ဟိန်းဟောက်တာ၊ ခြိမ်းခြောက်တာ ခံ ရတယ်။ အခန့်မသင့်ရင် တပ်ကို တိုင်စာပို့လိုက်သေးတယ်။ စစ်သည်တိုင်း စစ်သည်တော် ကျင့်ဝတ်ကို အာဂုံဆောင် နိုင်ရမယ်။ ခါးဝတ်ပုဆိုးကဲ့သို့လည်း မြဲမြဲလိုက်နာရမယ်တဲ့။
နှစ်စဉ် တော်လှန်ရေးနေ့ (တပ်မတော်နေ့) နီးလာတိုင်း (ကြည်း၊ရေ၊လေ) အဆင့်အလိုက် စစ်သည်တော် ကျင့်ဝတ် ပြိုင်ပွဲ ကျင်းပလေ့ရှိတယ်။ ပြိုင်ပွဲမှာ “ပထမ”ရသူကို အဆင့်တိုးမြှင့်ပေးတယ်။ ပုံမှန်အတန်းတိုး၊ အဆင့်တိုး စာမေးပွဲ တွေမှာလည်း ဒီကျင့်ဝတ်က ပါမြဲ။ ကျနော့ တကိုယ်ရေ အနေနဲ့တော့ စစ်သည်တော်ကျင့်ဝတ်ကို အလွတ်မရတာ အ မှန်ပါ။ ဘာလို့လဲဆိုတော့ ကိုယ် တိတိကျကျ မလိုက်နာနိုင်တဲ့ စာသားတွေကို အလွတ်အာဂုံ ဆောင်ရွတ်ပြနေရတာ ကို လိပ်ပြာမလုံလို့ပဲ။ အမှန်အတိုင်းပဲ ၀န်ခံတာပါ။
တကယ့် လက်ရှိအနေအထားမှာတော့ အမိန့်၊ စည်းကမ်း၊ ကျင့်ဝတ် ဆိုတာတွေဟာ တပ်မတော်သားတိုင်းကို ချည် နှောင်ထားတဲ့ ကြိုးတွေဖြစ်နေပါတယ်။ ဒီလိုပြောတော့ ဒါတွေမလိုဘူးလားလို့ မေးစရာရှိလာပါတယ်။ လိုအပ်တယ် လို့ အဖြေပေးရပါမယ်။ သို့သော် ပြဋ္ဌာန်းထားချက်နဲ့ လက်တွေ့ ကိုက်ညီရပါမယ်။ တထပ်တည်း မဟုတ်တောင်မှ အနီးစပ် ဆုံး လိုက်နာနိုင်ရပါမယ်။ စာထဲမှာတမျိုး လက်တွေ့မှာတခြား ဖြစ်နေတဲ့အခါကျ တော့ အကျိုးမဖြစ်ထွန်းတဲ့အပြင် တင်းကျပ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
လက်တွေ့ဖြစ်ရပ်မှာက စစ်သည်တိုင်း အထက်ကပေးလာတဲ့ အမိန့်မှန်သမျှ နာခံရပါတယ်။ အထက်အောက် ဒေါင် လိုက်ဆက်ဆံရေးစနစ် ကျင့်သုံးတဲ့ အဖွဲ့အစည်းတရပ်မှာ စည်းကမ်းဆိုတာကလည်း အမိန့်ပေးနိုင်သူ လူတန်းစားရဲ့ လက်ထဲမှာ ရှိတာပါ။ သူတို့နှုတ်က ထွက်သမျှစကားလုံးတိုင်းဟာ အမိန့် ဖြစ်သလို၊ အမိန့်တိုင်းဟာလည်း တိုက်တွန်း ခြင်း (ဒါကိုလုပ်) နဲ့ တားဖြစ်ခြင်း (ဒါကိုမလုပ်နဲ့) နှစ်မျိုးပဲ ရှိတာပါ။ တပ်မတော် အစိပ်အပိုင်းအများစုမှာ ဒီလိုပဲ ဖြစ်နေ ပါတယ်။ အမြဲတမ်းဆိုသလို အမိန့်အတိုင်း စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရသူတွေအဖို့ ကျင့်ဝတ်စောင့်ထိန်းဖို့နဲ့ အမိန့် နာခံဖို့ ထိပ်တိုက်တွေ့လာရင် ဘယ်ဟာကိုဦးစားပေး ရပါမလဲ…?။
လက်ရှိတပ်မတော်ထဲက အခြေအနေတွေအောက်မှာ ကျင့်ဝတ်ကို ဦးစားပေးလိုတဲ့ စစ်သည်တွေအတွက်တော့ လုပ် ဆောင်ဖို့နည်းလမ်း နှစ်ခုပဲရှိပါတယ်။ တပ်ကအပြီးအပိုင် ထွက်ပြေး မလား…. ဒါမှမဟုတ်… အမိန့်အာဏာ ဖီဆန်ပြီး ထောင်ထဲကို ၀င်မလား…။
နေမင်းသူ
၂၅ ဇွန် ၂၀၁၁
မှတ်ချက်။  ။“အရာရှိများ လက်စွဲစာစောင်” တွင် ဖော်ပြပါရှိသော ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ ၏ ဗိုလ်လောင်း သင် တန်းအမှတ်စဉ် (၇၅) ကျောင်းဆင်းမိန့်ခွန်း ကောက်နှုတ်ချက်ကို ခံစားရေးဖွဲ့တင်ပြခြင်း ဖြစ်ပါသည်။ “စည်းကမ်းဆိုတာ မလုပ်သင့်တာကို မလုပ်ရန်တားမြစ်ခြင်းသာမက လုပ်သင့်လုပ်ထိုက်တာတွေကို မပျက်မကွက် လုပ်ဆောင်ရန် တိုက်တွန်းခြင်းလည်း ဖြစ်ပါတယ်။ စည်းကမ်းဟာ တပ်မတော်ရဲ့ အသက်ခန္ဓာဖြစ်တယ်။ တပ်မတော် မှာ သမိုင်းအစဉ်အလာကောင်းများ ရရှိလာခြင်းဟာ မြင့်မားတဲ့ တိုင်းချစ်ပြည်ချစ် စိတ်တွေနဲ့အတူ စည်းကမ်းများကို ထိန်းသိမ်းခဲ့ခြင်းကြောင့် ဖြစ်တယ်။ ဒါကြောင့် စည်းကမ်းကောင်းမွန် ခိုင်မာလာစေရေးအတွက် တပ်မတော်သား ကျင့် ၀တ်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တဦးချင်းတိကျစွာ လိုက်နာကြပြီး အချင်းချင်း အပြန်အလှန် ထိန်းသိမ်း ကြရမယ်။ မိမိကွပ်ကဲရတဲ့ လက်အောက်ငယ်သားများ စစ်စည်းကမ်းကောင်းမွန် ခိုင်မာစွာရှိနေရေးကို မျက်ခြေမပြတ် ဆောင်ရွက်ကြရမယ်။ ဒါ့အပြင် တို့ တပ်မတော်သားတွေဟာ နိုင်ငံတော်က ပြဋ္ဌာန်းပေးတဲ့ တရားဥပဒေများကို လေး စားလိုက်နာကြရမယ်။”

No comments:

Post a Comment